Sunday, 24 May 2020

ငလျင် အင်ယာ ဘ၀ အမှတ်တရများ

          ကျွန်တေ်ာတို့ ငလျင်စက်တွေ တပ်တော့ ပထမဆုံး နေရာ ရွေးကတော့ NTU ကျောင်းက ပါမောက္ခတွေက အကြမ်းချပေးပါတယ်၊ ဘယ်မြို့နားဆိုပြီး Google map ပါ Point ချပေးလိုက်တာပါ၊ တော်တော်များများ စက်နေရာတွေကိုတော့ ကျွန်တော်ပြန်ရွေးပါတယ်၊ Google map ကနေ နေရာကောင်း ကို မူးနေအောင်ရှာရပါတယ်၊ ကျွန်တော့် အဖွဲ့မှာတော့ မြန်မာ တွေ ကြီးပါပဲ၊ ငလျင်စက်ရဲ့ သဘောသဘာ၀ ကိုက မြေသားတည်ငြိမ်မှုရှိတဲ့ ကျောက်သားခံ လိုနေရာမျိုးကို အဓိက ထားရွေးပါတယ်၊ ဒါမှလဲ အနှောက် အယှက်ကင်းတဲ့ ငလျင်လှိုင်းကိုရနိုင်မှာပါ၊ ကျောက်သားကောင်းကောင်း မြေသားကောင်းကောင်းရပြီဆိုရင်၊ စက် လုံခြုံရေးအတွက် စဉ်းစားရပါတယ်၊ လူနေထိုင်များတဲ့ နေရာတွေ ရှောင်ရပါတယ်၊ များသောအားဖြင့် တောရွာဘက် က ဘုန်းကြီးကျောင်းလို နေရာမျိုး ဘုရား ပရာဝုဏ် လိုနေရာမျိုးတွေ ရွေးရပါတယ်၊ လုံခြုံရေးလဲကောင်းပြီဆိုရင်တော့ ဖုန်းလိုင်းမိ မမိ စမ်းပါတယ် 3G ရတဲ့ နေရာတွေဖြစ်မှသာလျင် အချိန်နဲ့ တပြေးညီ ငလျင်သတင်းရရှိနိုင်ဖို့ပါတယ်။ အားလုံးအဆင်ပြေပြီး မြေရှင်နဲ့လဲ ညှိလို့ရပြီဆိုရင် (၃) ရက် တာ ယာယီအစမ်း စက်တက် ပြီး အရေအသွေး စစ်ပါတယ်၊ အောက်ခံ မြေအနေအထား ဘယ်လောက်ကောင်းကောင်း Noise များတဲ့ နေရာတွေကြုံဘူးခဲ့ပါတယ်၊ အားလုံးအိုကေပြီဆို လူကြီးကို လှမ်း ပြီး Report တင်ပေါ့၊ သူက အိုကေပြီဆို ဆောက်လုပ်ရေးစပေါ့၊
          ဒီလိုနဲ့ပဲ မြန်မာနိုင်ငံ အနှံ မရောက်ဘူးတဲ့နေရာ ခက်ရှားရှားဖြစ်လာပါတယ်၊ တကယ်တန်း မြန်မာတွေရဲ့ အလုပ်လုပ်နိုင်မှုစွမ်းအားကို နိုင်ငံခြားသားတွေတောင် ကြည့်ပြီး အံ့သြရပါတယ်။ MEC က အင်ယာ ၂ ယောက်ပါတယ်၊ မထင်မှတ်ရလောက်အောင်ကို အလုပ်လုပ်နိုင်ကြပါတယ်၊ နောက်ဆုံးရက် ကပ်နေတာရယ် စီမံ ခန့်ခွဲမှု အလွဲတွေရှိခဲ့လို့ ကျွန်တော်တို့ တခါတလေ ဆိုရင် မိုးချုပ်တဲ့အထိ အလုပ်လုပ်ခဲ့ရပြီး၊ ညလုံးပေါက် ကားမောင်းပြိး တခြား ဆိုဒ်ကို ကူးကြပါတယ်၊ ကားဆရာကိုညှာတာချင်တာရယ် ကားမောင်းတာကလဲ ဝါသနာက ပါတော့ ဝင်မောင်းပေး ဖြစ်ပါတယ်၊ ကားလည်ပြီး စလစ် ၂ ခါဖြစ်ဘူးပါတယ်၊ မှတ်မှတ်ရရ ဟားခါး အတက်နဲ့ ဟန်မြင်မိုရ် ရွာငံ လမ်းမှာပါ၊ တော်သေးတယ် ဘာမှ မဖြစ်လို့ အမြန်လမ်းကတော့ အဖေကား မှောက်ပြီးကတဲက အရမ်းသတိထားဖြစ်ပါတယ်၊
          ငလျင်စက်တွေက ဘက္ထရီ (၂) လုံး ပါပါတယ် ဆိုလာ (၂ ) ချပ်ပါပါတယ်၊ အခိုးခံရတာတွေလဲရှိပါတယ်၊ သံပချုပ်လို အခိုင်အမာနဲ့ အသေထားရတဲ့ Site တွေရှိပါတယ် ခိုးလွန်းအားကြီးလို့၊
          ပင်ပန်းပေမဲ့ လဲ သဘာဝဘေး အတွက်လုပ်တာ ဆိုတဲ့ အသိက အားဖြစ်စေပါတယ်၊ ဒီလို အလုပ်ကနေ ရတဲ့ လစာ လေးနဲ့ မိဘရယ် မိသားစုကိုထောက်ပံရတာ ဖြူစင်တယ်လို့ခံစားမိပါတယ်။
          တခါလဲ လွိုင်လင်က အပြန် ည ၁၂ နာရီ အင်ဒိုသားရယ် ကျွန်တော်ရယ် နှစ်ယောက်ထဲ ကျွန်တော် မောင်းပါတယ်၊ အပေါ်မီးက မရ တောင်ကြီးရောက်မှ ဟင်းချရဲတယ်၊ မြို့အဝင်ဝမှာတော့ ရဲတွေက ဝိုင်းစစ်တာ လက်ပါဖမ်းစွဲထားတယ် ကားပေါ်မှာကလဲ ဆောက်လုပ်ရေးပစ္စည်းတွေရယ် ငလျင်စက်တွေရယ်၊ လူတွေကလဲ ပေသလူးနေတာနဲ့ မယုံတာလဲ ပါမှာပါ၊ သေချာရှင်းပြ ပြီးတော့မှ လွှတ်ပေးတယ်၊ မနက်စောစော လေယာဉ်နဲ့ စစ်တွေ သွားဖို့အတွက် ဟဲဟိုးကိုတန်းမောင်း၊ ကားကိုလေဆိပ်မှာစောင့်နေတဲ့ စောပြည့်တို့ကိုပေးခဲ့ပါတယ်၊
          လေယာဉ် ကြောက်တဲ့ ကျွန်တော်လဲ ခဏခဏ စီးရတာများတော့ ထုံနေပါပြီ ခုန်ချင်သလောက်ခုန်ကွာ ဆိုပြီး ခဏပဲဆိုပြီး စိတ်ဖြေရပါတယ်။
          သရဲဆိုတာ ကျွန်တော် မကြောက်ပါဘူး၊ ဒါပေမဲ့ ရွာခံတွေ ကိုမေးဖြစ်ပါတယ် သူတို့ က ဒီ မှာ ဆံတိုမ ရှိတယ် ဘာရှိတယ် ညာရှိတယ် ဆိုရင် ကျွန်တော် ငလျင်စက်ထိုင်ဖို့ အဲ့လိုနေရာမရွေးပါဘူး၊ ယာယီ အစမ်း သုံးရက် ထားရတဲ့ အချိန် အတွင်း ညစောင့်ရှာရခက်လို့ပါ တခါလဲ သင်ချိုင်းနားထားတာ မြေတော့ ငြိမ်ပါရဲ့ ညစောင့်က ကြောက်တော့ ၂ ယောက်ထားရတော့ အလုပ်မဖြစ်ပါဘူး။
          မှတ်မှတ်ရရ တောင်ညို ကနေ မြို့သစ်လမ်းမှာ မနက် ၂ နာရီလောက် ရိုးမထဲ ကားရပ်အိပ်ဖြစ်ပါတယ်၊ အိမ်မက် ထဲ မှာ လူ ၂ ယောက် ဒီမှာ မရပ်ဖို့ လာပြောပါတယ်၊ ကျွန်တော် နိုးသွားတော့ ဒေါသထွက်တာဆိုတာ တော်တော်ပါပဲ၊ ကားပေါ်မှာ ညီငယ်တွေပါတယ် ကားဆရာပါတယ် သူတို့ကလဲ အိပ်နေတာ၊ ကျွန်တော် အပြင်ထွက်ရပ်လိုက်ပါတယ် ကျွန်တော် ကိုယ် ကျွန်တော် ငါမကြောက်ဘူးဆိုပြီး ငါလဲ မင်းတို့ကို မစော်ကားဘူး ခဏ ပဲ အိပ်မယ် ဆိုပြီး ကားပေါ်ပြန်တက်အိပ်ပါတယ်၊ ခဏပဲ မှေးခနဲ ပြန်ဖြစ်ပြီး အိပ်မက်လိုလိုပဲ အဲ့ဒီ ၂ယောက်ပဲ ရုပ်ဆိုးဆိုးတွေ လုပ်ပြပြီး ခုချက်ချင်းထွက်သွားဖို့ ပြောတော့ ကျွန်တော်လဲ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်းပဲ ကားဆရာညီလေးကိုနိုး မင်းငါခုံလာအိပ် ငါမောင်းဦးမယ်ဆိုပြီး မောင်းပြေးရပါတော့တယ်၊ ညီငယ်တွေ ကြောက်မှာဆိုးလို့ မပြောဖြစ်ခဲ့ပါဘူး ကံပြားလမ်းဆုံထိမောင်းတယ် မနက်လဲ ၄ နာရီအထိုးပဲ ဒါကတော့ မှတ်မှတ်ရရ ပါပဲ၊
ငလျင်ခရီးက အမှတ်ရစရာတွေတော်တော်ပေးပါလားနော်၊
ကိုပြည့်




ငလျင် အင်ယာ ဘ၀ အမှတ်တရများ

            ငလျင်စက်တွေတပ်ဆင်တော့ နယ်အစုံရောက်ရပါတယ်၊ သာစည်လဲတခု အပါအဝင်ဖြစ်ပါတယ်။ ဘုရားဝန်းထဲမှာပါ။ ငလျင်စက်က မြေအနက်မှာ ထားတာဖြစ်တာကြောင့် တွင်းတူးခြင်း ရေလုံအောင်ဆောက်လုပ်ခြင်း တွေ လုပ်ဆောင်ရပါတယ်။ သာစည်၏ အထင်ကရ မင်းလှကန်နဲ့ မနီးမဝေးဆိုတော့ မြေအောက်ရေက မိုးချိန်ခါဆိုမြင့်လာတက်တော့ ပိုပြီး ရေလုံအောင်လုပ်ကြရပါတယ်။ ရေလုံအောင်လုပ်ရတာ ခက်ခဲတဲ့ အရာတခုဖြစ်ပါတယ်။ ငလျင်စက်ထားမည့်ခုံက တွင်းအလယ်မှာရှိပြီး ဘေးဘောင်အသားနဲ့ ထိနေလို့မရပါဘူး ဘေးမြေသားနဲ့ထိနေရင် အပေါ်ယံမြေသားရဲ့ တုန်ခါမှုတွေကိုပါစက်က ရနေမှာဆိုတော့ ငလျင်လှိုင်းအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။
              ဒီ ရေပြသနာရှိတဲ့ သာစည်စက် နေရာကတော့ အဖွဲ့ရဲ့ ငလျင်အင်ယာတိုင်း ရောက်ဖူးကြတဲ့ အမှတ်တရ site တခုပေါ့။
               ကွန်ကရစ်ဖျော်တာတို့ သဲသယ်၊ ရေသယ်ဖို့ကို ရွာနီးစပ်ချုပ်က အလုပ်သမားတွေကို ချိတ်ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဖုန်းခေါ်ရင် မငြင်းကြပါဘူး။ ချက်ချင်းရောက်လာတဲ့ အပြင် လာကြည့်တဲ့ သူတွေပါ ဝင်ပြီး လုပ်အားပေးကြပါတယ်။ စက်ရဲ့ လိုအပ်ချက်အရ ကွန်ကရစ်အချိုးကအစ သတ်မှတ်ချက်တိုင်းလုပ်ကြရပါတယ်။ ဒါကိုလဲ တချို့ လာကြည့်သူတွေက သိပ်မကြိုက်လှပါဘူး အကြံညဏ်တွေပေးပါတယ်။ 1:2:4 မလုပ်ကွဲမှာပဲ ထုံးမှ မပါတာတို့ စသည့်ဖြင့်ပေါ့ နောက်တော့လဲ ရှင်းပြရင်းသဘောပေါက်ကုန်ကြပါတယ်။
               တရက်နှစ်ရက်သာ လုပ်ရတဲ့အလုပ်ဖြစ်လို့ ကျွန်တော်တို့က ငွေများများပေးဖြစ်ပါတယ်။ ပေါက်ဈေးသိတာပေါ့၊ မသိဟန်ဆောင်ပြီး သူတို့တောင်းတဲ့ ဈေးထက်ပိုပေးဖြစ်ပါတယ်၊ ဒါကလဲ အလုပ်သမားတွေကိုပျော်စေပြီး ကျွန်တော်ဖုန်းဆက်ရင် ချက်ချင်းရောက်လာစေပါတယ်။
               အချိန်အနဲငယ်အတွင်း ပြီးစီးအောင်လုပ်ကြရတော့ ညသန်းကောင်ယံအထိ ညဆိုင်းဆင်းကြရပါတယ်။ မနက်ကထဲက လုပ်နေတဲ့ အလုပ်သမားဆရာတွေကို ညစာ စီစဉ်ရပါတယ်။ ဘာစားချင်ကြလဲမေးတော့ သံလမ်းအကျော်လေးက ဆိုင်ကကြော်တဲ့ ခေါက်ဆွဲကြော်စားချင်တယ်ပြောတာနဲ့ အလုပ်သမားအဖွဲ့ရော ဒီဘက်က အင်ယာအဖွဲ့တွေအတွက်ပါ အကုန်ဝယ်ဖို့စီစဉ်ဖြစ်ပါတယ်။ ဒီတခေါက် အလုပ်သမားအဖွဲ့ထဲမှာ အသက်ကြီးအဖိုးကြီးတယောက်ပါပါတယ်၊ ဦးတင်ဝင်းတဲ့၊ အရင်ကတော့ မပါဖူးဘူး၊ သူကိုသတိထားမိချိန်ကစပြီး သူ့ကို အကြမ်းစားတွေ မခိုင်းဖြစ်ဘူး၊
               ညဘက် မှောင်လာတော့ အေးလဲအေး၊ မြွေလဲပေါတဲ့ အရပ်ဆိုတော့ မီးပုံဖိုပြီး စလိုက်မီးတွေထွန်းပြီး ခေါက်ဆွဲကြော်စားကြပါတယ်။ နယ်ဆိုင်တွေ ထုံးစံထင်ပါတယ် ခေါက်ဆွဲကြော်တပွဲက လူ ၂ယောက်လောက်အသာလေးစားလို့ရတယ်။ အများကြီးပဲ၊ ကြက်သွန်အကွင်းနဲ့ အနီရဲရဲ အချဉ်ရေတွေစမ်းထားတာတွေကလဲ တထုပ်ကြီးပါပဲ။
               မကုန်ပါဘူး ကျန်တာပေါ့၊ ဘယ်သူတွေ ကျန်သေးနေလဲ စားကောင်းကြရဲ့လား အလုပ်ပြန်မစခင် မီးလေးလှုံရင်း သတိထားမိလို့ကြည့်တော့၊ အဖိုးကြီးဦးတင်ဝင်း စားနေတာ ခေါက်ဆွဲတပင်တောင် မကျန်တော့ဘူး၊ စားကောင်းလားလို့သာမေးလိုက်ရတယ် မျက်လုံးတော့ ပြူးနေမိတယ်၊ သူနဲ့ အတူတူ ရွာသားတွေကလဲ အဲ့လောက်မစားဖို့ သတိပေးတယ်၊ သူက အဲ့ဒီအပြင် သူများတွေ ကျန်နေတဲ့ ခေါက်ဆွဲတွေကိုပါလိုက် စုနေတော့ အဘ မဝသေးဘူးလားဆိုတော့ အိမ်က လူတွေ အတွက်တဲ့ မစားရတာကြပြီတဲ့ ရင်ထဲ ဟာကနဲပဲ ဒီလိုမှန်းသိရင် မစားခင်ထဲက ဖယ်ထားမှာပေါ့၊ ပိုဝယ်ခဲ့ရင်လဲ ဝယ်မှာပေါ့ နောက်ထပ်ဝယ်ဖို့က အပြင်ပြန်ထွက်ရမှာနဲ့ အလုပ်တဖက်နဲ့။
ကဲ ရှိစေတော့ ညအလုပ်သိမ်းတော့ နေ့တွက်ခတွေ ပိုပေးရင်းပေါ့။ ဒီအလုပ်လုပ်ရတာ တကယ်ကို အတွေ့အကြုံလဲရ လူပေါင်းစုံကိုလဲတွေ့ရပါတယ်။ အမှတ်ရစရာ ငလျင်ခရီးစဉ်တွေထဲက တခုကို မှတ်တမ်းတင်လိုက်ပါတယ်။
ကိုပြည့်



မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...