Showing posts with label Memory. Show all posts
Showing posts with label Memory. Show all posts

Sunday, 24 May 2020

ငလျင် အင်ယာ ဘ၀ အမှတ်တရများ

            ငလျင်စက်တွေတပ်ဆင်တော့ နယ်အစုံရောက်ရပါတယ်၊ သာစည်လဲတခု အပါအဝင်ဖြစ်ပါတယ်။ ဘုရားဝန်းထဲမှာပါ။ ငလျင်စက်က မြေအနက်မှာ ထားတာဖြစ်တာကြောင့် တွင်းတူးခြင်း ရေလုံအောင်ဆောက်လုပ်ခြင်း တွေ လုပ်ဆောင်ရပါတယ်။ သာစည်၏ အထင်ကရ မင်းလှကန်နဲ့ မနီးမဝေးဆိုတော့ မြေအောက်ရေက မိုးချိန်ခါဆိုမြင့်လာတက်တော့ ပိုပြီး ရေလုံအောင်လုပ်ကြရပါတယ်။ ရေလုံအောင်လုပ်ရတာ ခက်ခဲတဲ့ အရာတခုဖြစ်ပါတယ်။ ငလျင်စက်ထားမည့်ခုံက တွင်းအလယ်မှာရှိပြီး ဘေးဘောင်အသားနဲ့ ထိနေလို့မရပါဘူး ဘေးမြေသားနဲ့ထိနေရင် အပေါ်ယံမြေသားရဲ့ တုန်ခါမှုတွေကိုပါစက်က ရနေမှာဆိုတော့ ငလျင်လှိုင်းအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။
              ဒီ ရေပြသနာရှိတဲ့ သာစည်စက် နေရာကတော့ အဖွဲ့ရဲ့ ငလျင်အင်ယာတိုင်း ရောက်ဖူးကြတဲ့ အမှတ်တရ site တခုပေါ့။
               ကွန်ကရစ်ဖျော်တာတို့ သဲသယ်၊ ရေသယ်ဖို့ကို ရွာနီးစပ်ချုပ်က အလုပ်သမားတွေကို ချိတ်ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဖုန်းခေါ်ရင် မငြင်းကြပါဘူး။ ချက်ချင်းရောက်လာတဲ့ အပြင် လာကြည့်တဲ့ သူတွေပါ ဝင်ပြီး လုပ်အားပေးကြပါတယ်။ စက်ရဲ့ လိုအပ်ချက်အရ ကွန်ကရစ်အချိုးကအစ သတ်မှတ်ချက်တိုင်းလုပ်ကြရပါတယ်။ ဒါကိုလဲ တချို့ လာကြည့်သူတွေက သိပ်မကြိုက်လှပါဘူး အကြံညဏ်တွေပေးပါတယ်။ 1:2:4 မလုပ်ကွဲမှာပဲ ထုံးမှ မပါတာတို့ စသည့်ဖြင့်ပေါ့ နောက်တော့လဲ ရှင်းပြရင်းသဘောပေါက်ကုန်ကြပါတယ်။
               တရက်နှစ်ရက်သာ လုပ်ရတဲ့အလုပ်ဖြစ်လို့ ကျွန်တော်တို့က ငွေများများပေးဖြစ်ပါတယ်။ ပေါက်ဈေးသိတာပေါ့၊ မသိဟန်ဆောင်ပြီး သူတို့တောင်းတဲ့ ဈေးထက်ပိုပေးဖြစ်ပါတယ်၊ ဒါကလဲ အလုပ်သမားတွေကိုပျော်စေပြီး ကျွန်တော်ဖုန်းဆက်ရင် ချက်ချင်းရောက်လာစေပါတယ်။
               အချိန်အနဲငယ်အတွင်း ပြီးစီးအောင်လုပ်ကြရတော့ ညသန်းကောင်ယံအထိ ညဆိုင်းဆင်းကြရပါတယ်။ မနက်ကထဲက လုပ်နေတဲ့ အလုပ်သမားဆရာတွေကို ညစာ စီစဉ်ရပါတယ်။ ဘာစားချင်ကြလဲမေးတော့ သံလမ်းအကျော်လေးက ဆိုင်ကကြော်တဲ့ ခေါက်ဆွဲကြော်စားချင်တယ်ပြောတာနဲ့ အလုပ်သမားအဖွဲ့ရော ဒီဘက်က အင်ယာအဖွဲ့တွေအတွက်ပါ အကုန်ဝယ်ဖို့စီစဉ်ဖြစ်ပါတယ်။ ဒီတခေါက် အလုပ်သမားအဖွဲ့ထဲမှာ အသက်ကြီးအဖိုးကြီးတယောက်ပါပါတယ်၊ ဦးတင်ဝင်းတဲ့၊ အရင်ကတော့ မပါဖူးဘူး၊ သူကိုသတိထားမိချိန်ကစပြီး သူ့ကို အကြမ်းစားတွေ မခိုင်းဖြစ်ဘူး၊
               ညဘက် မှောင်လာတော့ အေးလဲအေး၊ မြွေလဲပေါတဲ့ အရပ်ဆိုတော့ မီးပုံဖိုပြီး စလိုက်မီးတွေထွန်းပြီး ခေါက်ဆွဲကြော်စားကြပါတယ်။ နယ်ဆိုင်တွေ ထုံးစံထင်ပါတယ် ခေါက်ဆွဲကြော်တပွဲက လူ ၂ယောက်လောက်အသာလေးစားလို့ရတယ်။ အများကြီးပဲ၊ ကြက်သွန်အကွင်းနဲ့ အနီရဲရဲ အချဉ်ရေတွေစမ်းထားတာတွေကလဲ တထုပ်ကြီးပါပဲ။
               မကုန်ပါဘူး ကျန်တာပေါ့၊ ဘယ်သူတွေ ကျန်သေးနေလဲ စားကောင်းကြရဲ့လား အလုပ်ပြန်မစခင် မီးလေးလှုံရင်း သတိထားမိလို့ကြည့်တော့၊ အဖိုးကြီးဦးတင်ဝင်း စားနေတာ ခေါက်ဆွဲတပင်တောင် မကျန်တော့ဘူး၊ စားကောင်းလားလို့သာမေးလိုက်ရတယ် မျက်လုံးတော့ ပြူးနေမိတယ်၊ သူနဲ့ အတူတူ ရွာသားတွေကလဲ အဲ့လောက်မစားဖို့ သတိပေးတယ်၊ သူက အဲ့ဒီအပြင် သူများတွေ ကျန်နေတဲ့ ခေါက်ဆွဲတွေကိုပါလိုက် စုနေတော့ အဘ မဝသေးဘူးလားဆိုတော့ အိမ်က လူတွေ အတွက်တဲ့ မစားရတာကြပြီတဲ့ ရင်ထဲ ဟာကနဲပဲ ဒီလိုမှန်းသိရင် မစားခင်ထဲက ဖယ်ထားမှာပေါ့၊ ပိုဝယ်ခဲ့ရင်လဲ ဝယ်မှာပေါ့ နောက်ထပ်ဝယ်ဖို့က အပြင်ပြန်ထွက်ရမှာနဲ့ အလုပ်တဖက်နဲ့။
ကဲ ရှိစေတော့ ညအလုပ်သိမ်းတော့ နေ့တွက်ခတွေ ပိုပေးရင်းပေါ့။ ဒီအလုပ်လုပ်ရတာ တကယ်ကို အတွေ့အကြုံလဲရ လူပေါင်းစုံကိုလဲတွေ့ရပါတယ်။ အမှတ်ရစရာ ငလျင်ခရီးစဉ်တွေထဲက တခုကို မှတ်တမ်းတင်လိုက်ပါတယ်။
ကိုပြည့်



မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...